အမေရိကန်ရဲ့နယ်ချဲ့လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း

ရက်စွဲ: ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်

မနေ့က ဗင်နီဇွဲလား စံတော်ချိန် မနက် ၃ နာရီမှာ အမေရိကန်က ဗင်နီဇွဲလားစစ်စခန်းတခုကို တိုက်ခိုက်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ဗင်နီဇွဲလားသမ္မတကို ဖမ်းလိုက်ပြီဆိုပြီး ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းမြင်ရမှာက ဘယ်လိုပဲ ရှုပ်ထွေးမှုပေါင်းစုံ အကြောင်းရင်းပေါင်းစုံရှိပါစေ၊ အမေရိကန်ရဲ့လက်ရှိလုပ်ရပ်ဟာ လက်တွေ့မှာ ကျူးကျော်စစ်ပွဲတရပ် ထပ်မံဆင်နွှဲလိုက်တာဖြစ်တယ် ဆိုတဲ့အချက်ပဲ။ မိမိတို့အနေနဲ့ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲတာ၊ စစ်ရေးနည်းနဲ့ အကျပ်ကိုင်ဖိအားပေးတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ဒါဟာ နယ်ချဲ့လုပ်ရပ်၊ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်။

ရဲဘော်အပေါင်း ပြည်သူအပေါင်းတို့ …

ကမ္ဘာကြီးမှာ လက်ယာအစွန်းရောက်တွေ၊ ဖက်ဆစ်တွေက အင်အားကြီးထွားလာနေတယ်။ ဗင်နီဇွဲလားကနေ ဗမာပြည်အထိ၊ ဂျော်ဒန်မြစ်ကမ်းကနေ ဧရာဝတီအထိ ကမ္ဘာ့လူမျိုးပေါင်းစုံပြည်သူအပေါင်းဟာ ဖက်ဆစ်အရင်းရှင်တွေ၊ ဖက်ဆစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ခါးစည်းခံနေကြရတယ်။ လစ်ဘရယ်အရင်းရှင်နိုင်ငံရေးဟာ ဖက်ဆစ်စနစ်ကို ဘယ်တော့မှ အနိုင်ယူအလဲထိုးနိုင်စွမ်းမရှိခဲ့သလို အခုတခါမှာလည်း ရှုံးနိမ့်ဦးမှာပဲ။ စိတ်ရှိတိုင်းကျူးကျော်ရန်စပြီး အနိုင်ကျင့်ဖိနှိပ်တဲ့ ဖက်ဆစ်ဝါဒ၊ စစ်ဝါဒကို ဘယ်လို လစ်ဘရယ်နိုင်ငံရေးအဆောက်အအုံနဲ့မှ တားဆီးဖို့မဖြစ်နိုင်တာ ဗမာပြည်သမိုင်းက သက်သေပဲ၊ ကမ္ဘာ့သမိုင်းက သက်သေပဲ။ အဖိနှိပ်ခံ တော်လှန်တဲ့ပြည်သူလူထုချင်း သွေးစည်းမှုကသာ ဖက်ဆစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ အမေရိကန် ရဲ့ ဗင်နီဇွဲလား သမ္မတကို ကျုးကျော်ဖမ်းဆီးမှုဟာ နယ်ချဲ့ကျူးကျော်စစ်လုပ်ရပ်တခုသာဖြစ်တယ်။

ဒါဟာ အမေရိကန်ဗိုလ်ကျလွှမ်းမိုးရေးဝါဒရဲ့‌ ဖက်ဆစ်လက္ခဏာကို ထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ပါပဲ။ ဗင်နီဇွဲလားတခုထဲကိုသာမကဘဲ အမေရိကန်အကျိုးစီးပွား (အမေရိကန်တဖက်သတ်အလိုကျအကျိုးစီးပွား) ကို ဆန့်ကျင်တဲ့ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သတင်းစကားကို ပေါ်ပေါ်ထင်ထင်ဖြန့်ချိလိုက်တာသာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားက တိုးတက်တဲ့ အဖိနှိပ်ခံ လူတန်းစားပေါင်းစုံ၊ ဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့အတူ မိမိတို့အနေနဲ့ အမေရိကန်ရဲ့ဒီလိုဖက်ဆစ်လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

အမေရိကန်ဗိုလ်ကျလွှမ်းမိုးရေးဝါဒ ဆန့်ကျင်ကြ

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုနဲ့ အတူ စုစည်းတိုက်ပွဲဝင်ကြ

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ဗမသ)

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)

တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး

လီဆူလူငယ် အစည်းအရုံး

သွေးစွန်းငွေ ကမ်ပိန်း

စစ်ငြိမ်းပန်း ဖောင်ဒေးရှင်း

Scroll to Top