ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃)ရက်
၁။ အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ၂၀၂၅ခုနှစ် ဧပြီလ (၃)ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဟု သိရသည်။
၂။ ရိုဟင်ဂျာလူမျိုးများအား မျိုးတုန်းသတ်ဖြတ်ခြင်းအတွက် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ် တရားရုံးမှ ရာဇဝတ်ဝရမ်း ထုတ်ပြန်ခံထားရပြီး၊ မြန်မာနိုင်ငံရှိ အရပ်သား ပြည်သူထောင်ပေါင်းများစွာအား သတ်ဖြတ်ခဲ့ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ငလျင်ဘေးဒဏ်သင့်နေချိန် ကာလတွင်ပင် အရပ်သားပြည်သူများအား ဆက်လက် သတ်ဖြတ်နေသည့် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ခွင့်ပြုခြင်းသည် မြန်မာနိုင်ငံရှိ နစ်နာသူ ပြည်သူများအား စာနာမှုမဲ့ လျစ်လျူရှုခြင်းဖြစ်သဖြင့် BIMSTEC အစည်းအဝေး၏ သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျွန်ုပ်တို့က ရှုတ်ချသည်။
၃။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် BIMSTEC အစည်းအဝေးတက်ရောက်နေချိန် ၂၀၂၅ခုနှစ်၊ ဧပြီ (၄)ရက်နေ့တွင် အလုပ်မဆင်းခြင်းဖြင့် အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ပြသကြရန် တိုက်တွန်းနှိုးဆော်အပ်သည်။
၄။ ထို့အပြင် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာပြည်သူများနှင့် ရပ်တည်ကြသည့် နိုင်ငံတကာ နိုင်ငံသားများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် BIMSTEC အစည်းအဝေးတက်ရောက်နေချိန် ၂၀၂၅ ခုနှစ်၊ ဧပြီ (၄)ရက်နေ့တွင် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ကြခြင်းဖြင့် အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ပြသကြရန်လည်း တိုက်တွန်းနှိုးဆော်အပ်သည်။
၅။ ထိုင်းပြည်သူများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့် တော်လှန်ရေး အဆက်ဆက်တွင် အဖိနှိပ်ခံ မြန်မာပြည်သူများအား စာနာနားလည်ပြီး နှစ်ပေါင်းများစွာ ထောက်ခံရပ်တည်ခဲ့ကြသည်။ ယခုနွေဦးတော်လှန်ရေးကာလနှင့် ငလျင်ဘေးသင့် ကာလအတွင်း ပြည်သူလူထုအပေါ် ရက်စက်စွာ တိုက်ခိုက် ဗုံးကျဲ သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ထိုင်းပြည်သူအများက ဆန့်ကျင်ရှုတ်ချကြောင်း လူမှုကွန်ရက်များနှင့် သတင်းများမှ သိရှိရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့်လည်း အဖိနှိပ်ခံ မြန်မာပြည်သူများနှင့် အတူ ထိုင်းပြည်သူများအား အထူးပင် ကျေးဇူးတင် ရှိရပါသည်။
၆။ ယခု အရေးတွင်လည်း ထိုင်းပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ အဖိနှိပ်ခံ မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုများကို သွေးစည်းညီညွတ်မှုဖြင့် နားလည် ပါဝင်ပေးကြရန် ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်းရှိ လူထုလှုပ်ရှားမှု အင်အားစုများက တညီတညွတ်တည်း တိုက်တွန်း ပန်ကြားအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများ

#bimstec2025 #BIMSTECSummit #BHR #BusinessAndHumanRights #WhatsHappeninglnMyanmar #BloodMoneyCampaignMM