အမှတ်စဉ်။ ။၂/၂၀၂၅
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု အပ်နှင်းထားသည့်အာဏာကို လက်နက်အားကိုးဖြင့် အာဏာရှင်ဆန်ဆန် လုယူခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြရင်း အာဏာရှင် စစ်အုပ်စုသည် ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထုသည် အသက်အန္တရာယ်ကို ရင်ဆိုင်လျက် အာဏာရှင်နှင့် မတရားမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြသည်။
တော်လှန်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း ပြည်သူများ၏ မဲဆန္ဒ ရွေးကောက်ပွဲ ရလဒ်မှ ပေါက်ဖွားလာပြီးနွေဦးတော်လှန်ရေးကို လူမျိုးစု နယ်မြေဒေသအသီးသီးရှိ မဟာမိတ်အဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည်။
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်အုပ်စု၏အာဏာလုယူမှုနှင့်အတူ ပြည်သူလူထု၏ ခုခံတွန်းလှန်မှုသည်လည်း (၄) နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ (၄) နှစ်တာကာလအတွင်း စစ်အုပ်စုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အတူ နိုင်ငံတကာ ရာဇဝတ်မှုများ၊ အကြမ်းဖက် ဖိနှိပ်သ-တ်ဖြ-တ်မှုများ ထောင်နှင့်ချီ ကျူးလွန်ခဲ့ပြီး တော်လှန်ရေး အင်အားစုများမှလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မတရားမှုများကို ကျူးလွန်ခဲ့ကြသည်။
ဂုဏ်ယူလေးစားစရာကောင်းသည်မှာ ပြည်သူလူထုသည် မည်သို့သောအချိန်ကာလ၊ မည်သို့သော မတရားမှုကို မည်သည့်ဘက်မှကျူးလွန်သည်ဖြစ်စေ နှုတ်ဆိတ်မနေဘဲ တော်လှန်ခဲ့ကြသည်မှာ နွေဦးတော်လှန်ရေး၏ ပင်မ ရည်ရွယ်ချက် လွတ်လပ်ပြီး ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှု ကင်းမဲ့သော တရားမျှတမှု နှင့် တန်းတူညီမျှမှု ရှိသော ဖက်ဒရယ် နိုင်ငံသစ်သို့ ဆိုသည့် လမ်းအတိုင်းကို ကြောက်ရွံ့နေခြင်းအလျဉ်းမရှိဘဲ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူမျိုးစုလက်နက်ကိုင်အင်အားစုများနှင့် နေရာဒေသအသီးသီးက တော်လှန်ရေးအင်အားစုများအနေဖြင့် အကြမ်းဖက်မှု၊ ဖိနှိပ်ခွဲခြားဆက်ဆံမှု၊ မတရားမှုနှင့် မည်သို့သော ကျူးလွန်မှုများကို မည်သည့်အချိန်ကာလ မည်သည့််နေရာဒေသတွင်မဆို မကျူးလွန်မိစေရန်နှင့် ကျူးလွန်မိခဲ့ပါက ထိရောက်ပြီး တရားမျှတမှုရှိသော ဖြေရှင်းနည်းများဖြင့် ဖြေရှင်းကြရန်တိုက်တွန်းအပ်ပါသည်။
(၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော နွေဦးတော်လှန်ရေးကို နေရာဒေသအသီးသီးမှ တော်လှန်တိုက်ပွဲဝင်နေသာ အင်အားစုအသီးသီးအနေဖြင့်သွေးစည်းညီညွတ်စွာ စုပေါင်းအင်အားနှင့် အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး တော်လှန် အောင်နိုင်၍ အောင်လံလွှင့်ထူနိုင်မည်ဟု အတိအကျယုံကြည်ပါသည်။
ကျွန်ုပ်တို့ Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့) အနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပ မဟာမိတ်အင်အားစုများ၊ ပြည်သူလူထု၏ ပူးပေါင်း အင်အားများနှင့်အတူ စစ်အုပ်စု ယန္တရား လည်ပတ်နိုင်ရန် အသက်သွေးကြောဖြစ်သော ငွေကြေးအရင်းအမြစ် ဒေါက်တိုင် များကို ဖြတ်တောက်ရန် နှင့် ပြည်သူလူထုနေ့စဉ်အသက်ဆုံးရှုံးနေရ၍ တော်လှန်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်နေသော လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် လေယာဉ်ဆီအပါအဝင် လေယာဉ်နှင့် ဆက်စပ်ပစ္စည်များ အားလုံးရပ်တန့်ရန် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ဆက်လက် လှုပ်ရှားသွားမည် ဖြစ်ကြောင်း ဆန္ဒပြုအပ်ပါသည်။
“စတေးခဲ့ရတဲ့ အသက်များအတွက်
တော်လှန်ရေးပန်းတိုင်ကို အရောက်သွားကြ”
သွေးစည်းညီညွတ်စွာဖြင့်
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့
Blood Money Campaign (BMC)


#4YearCoupAttempt #2025Feb #Feb1 #SpringRevolution_4thAnniversary
#SanctionAviationFuel #WhatsHappeninglnMyanmar #BloodMoneyCampaignMM