မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် António Guterres အား အိတ်ဖွင့်ပေးစာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် António Guterres အား အရပ်ဘက်လူထုအဖွဲ့အစည်း 290 ဖွဲ့မှ မတ်လ ၁၇ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA) အနေဖြင့်လည်း ယင်းအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို အမြန်ဆုံးရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်ရိုက်ဦးစီးလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုထားသည်။

အိတ်ဖွင့်ပေးစာကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။

————-

📧သို့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂအထွေထွေညီလာခံ

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့

အိတ်ဖွင့်ပေးစာ။ ။အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နှင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အဆုံးသတ်ရန် အရေးတကြီးလိုအပ်နေမှုကို ဖော်ပြနေသည်။

ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ (Julie Bishop) ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံးစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်များကို အများပြည်သူသို့ အသိပေးချပြရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုလိုက်သည်။ ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA) အနေဖြင့်လည်း ယင်းအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို အမြန်ဆုံးရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်ရိုက်ဦးစီးလုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

အထူးကိုယ်စားလှယ်၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော Shenghe Resources နှင့် China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများရှိနေကြောင်းကို မိမိတို့မှ အံ့ဩဖွယ် သိရှိရသည်။ သူမ၏ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့်ဆက်နွှယ်နေမှုသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရှိရမည့် သမာသမတ်ကျမှုနှင့် လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ပင်ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံသည် တရားမဝင် မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများနှင့် မှားယွင်းသောတရားဝင်မှုကို ပံ့ပိုးပေးနေသော ထိပ်တန်းအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်ဖြစ်ရာ ထိုကဲ့သို့သော အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ရှိနေခြင်းသည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေသည်။ မြန်မာစစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို တရုတ်အစိုးရက အားပေးကူညီလျက်ရှိနေကြောင်းကို အထောက်အထားများက ဖော်ပြထားပြီး ဖြစ်သည်။

ယခုအထိမြင်တွေ့ရသော ကုလသမဂ္ဂ၏ တုံ့ပြန်မှုသည် လုံးဝပင် လက်ခံနိုင်စရာမရှိပေ။ ခန့်အပ်တာဝန်ပေးခဲ့သူ ဖြစ်သည့်အားလျော်စွာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် အထူးကိုယ်စားလှယ်၏ သမာသမတ်ကျမှုနှင့် ဘက်လိုက်မှုကင်းစင်ရေး သေချာစွာလုပ်ဆောင်စေရန်အတွက် မြန်မာပြည်သူများအားတာဝန်ခံရန် တာဝန်အပြည့်ရှိနေ သည်။ ကုလသမဂ္ဂသည် မြန်မာပြည်သူများ၏ အသက်များစွာအပေါ်အန္တရာယ်ဖြစ်စေမည့် ဗြောင်ကျလှသော စီးပွါးရေး ဆိုင်ရာအကျိုးစီးပွားများရှိနေသည့် အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံ၏အကျပ်အတည်း ဖြေရှင်းရန်တာဝန်ကို ဆက်လက်ပေးအပ်ထားမည်ဆိုပါက အလွန်ပင်ကျိုးကြောင်းဆင်ခြင်မှု နည်းပါးလှသော လုပ်ရပ်ပင် ဖြစ်သည်။

ယခုမြင်တွေ့ရသော အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခသည် အထူးကိုယ်စားလှယ်များနှင့် “တွေ့ဆုံဆွေးနွေးမှုများ” မှတစ်ဆင့် ငြိမ်းချမ်းရေးအကျိုးဆောင်ရန် ဆယ်စုနှစ်များစွာကြာ လုပ်ဆောင်သော ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများက မြန်မာပြည်သူများအတွက် အဓိပ္ပါယ်ရှိသည့် အပြုသဘောဆောင်သော အပြောင်းအလဲများ ဆောင်ကြဉ်းပေးနိုင်မှု လုံးဝမရှိကြောင်းကို နောက်ဆုံးထပ်မံသတိပေးမှုပင်ဖြစ်သည်။ ယင်းအစား ယခုကဲ့သို့သော ချဉ်းကပ်မှုသည် စစ်အုပ်စုမှ ၎င်း၏ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်စေသည်သာမက မြန်မာပြည်သူများအား ထိခိုက်လုပ်ဆောင်ရန် ပိုမို အတင့်ရဲစေမည်သာဖြစ်သည်။ ထိုခေတ်နောက်ကျပြီး ထိရောက်မှုမရှိသော လုပ်ပိုင်ခွင့်အာဏာကို ဖျက်သိမ်းရန် ယခင်ကတည်းကပင် အရပ်ဘက်လူထုအဖွဲ့အစည်းများက ကုလသမဂ္ဂအား တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအား ဖြစ်ပေါ်စေသည့် ၎င်း၏ချဉ်းကပ်မှုကို မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအား အပြည့်အဝလေးစားပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မည့် ၎င်းတို့၏စုပေါင်းဆန္ဒကို ပံ့ပိုးမှု ဖြစ်စေမည့် အခြေခံမူများအပေါ်ရပ်တည်သော၊ ကျင့်ဝတ်နှင့်ညီသော ဟန်ချက်ညီ အားထုတ်မှုများအဖြစ် ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကုလသမဂ္ဂ၏ အဆင့်နှိမ့်တာဝန်လွှဲအပ်မှုကို နောက်ဆုံး အဆုံးသတ်ရမည့်အချိန်ဖြစ်သည်။ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ကျရောက်စေသည့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းရန် UNGA အား မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ဤအကျိုးစီးပွားဆိုင်ရာပဋိပက္ခနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခု အမြန်ဆုံးလုပ်ဆောင်ပြီး တွေ့ရှိချက်များကို အများပြည်သူအား ချပြရန် မိမိတို့မှ ထပ်မံတောင်းဆိုသည်။ အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သောကျူးလွန်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံတကာဥပဒေ အောက်တွင် ပြစ်မှုကျူးလွန်သူများအား တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ကြိုးပမ်းနေကြသော မြန်မာပြည်သူများ၏ တော်လှန်ရေးကို ခိုင်မာအားကောင်းစွာ ထောက်ခံပံ့ပိုးပေးရန် တို့အတွက် ဦးဆောင်မှုအခန်းကဏ္ဍကို အရေးတကြီးရယူဆောင်ရွက်ရမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

🔶မူလန်၊ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၊ [email protected]

🔶နော်အောင်၊ မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှု၊ [email protected]

🔶နော်ချယ်ရီ၊ ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက် ၊ [email protected]

🔶ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]

ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၁ ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၂၉၀ ဖွဲ့တို့က လက်မှတ်ရေးထိုးထားပါသည်။

#BloodMoneyCampaignMM

Scroll to Top